အရက်သောက်ရင်း အသည်းခြောက်တာကို ဘယ်လို ကာကွယ်မလဲ
အရက်သောက်ရင်း အသည်းခြောက်တာကို ဘယ်လို ကာကွယ်မလဲ? ဆိုတော့ အဖြေက ရှင်းပါတယ်။ အရက်သောက်ရင်းနဲ့ တော့ အသည်းခြောက်တာကို ကာကွယ်ဖို့ မဖြစ်နိုင်ပါဘူး။ အရက် သောက်လေလေ အသည်းခြောက်လေလေ ဖြစ်မှာပါ။ ဒီတော့ အရက်သောက်ရင်း အသည်းခြောက်တာကို ကာကွယ်ချင်တယ်ဆိုရင် အကောင်းဆုံး အဖြေက အရက်ဖြတ်တာပါ။
ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို သေသေချာချာလေး ပြောပြပေးမှာမို့ အဆုံးထိ ဖတ်ကြည့်ပေးခဲ့ဦးနော် အယ်လ်ကိုဟောချစ်သူ ယမကာလုလင်တို့။
အသည်းခြောက်တာ အသည်းပျက်စီးတာတွေရဲ့ အများစုသော တရားခံက အရက်သေစာကို အလွန်အကျွံ သုံးစွဲခြင်းပါ။ အရက်သေစာ သောက်စားတာက အသည်းကို ပျက်စီးစေပါတယ်။ အသည်းခြောက်တာ၊ အသည်းရောင်တာ၊ အသည်းအဆီဖုံးတာ၊ အသည်းမှာ အမာရွတ်တွေ ဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။
အသည်းက ခန္ဓာကိုယ်မှာ အလုပ်အများဆုံး အစိတ်အပိုင်းဖြစ်ပြီး သွေးထဲက အဆိပ်တွေကို စစ်ထုတ်တာ၊ စွမ်းအင်တွေကို သိုလှောင်တာ၊ ဟော်မုန်းတွေ နဲ့ ပရိုတင်းတွေကို ထုတ်လုပ်တာ၊ သွေးတွင်းအဆီ နဲ့ သကြားဓာတ်ကို ထိန်းညှိပေးတာ အပါအဝင် လုပ်ငန်းပေါင်း ၅၀၀ ကျော်ကို လုပ်ဆောင်ပေးနေတာပါ။
၂၀၁၅ ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အသည်းအစားထိုးသူ အရေအတွက်ရဲ့ ၃၀% သောသူတွေဟာ အရက်သေစာ သောက်စားမှုရဲ့ ရလဒ် အသည်းခြောက်တာကြောင့်လို့ သိရပါတယ်။ နောက်တစ်ခုက နှစ်စဉ် နာတာရှည် အသည်းရောဂါ နဲ့ အသည်းခြောက်တာကြောင့် သေဆုံးရသူတွေရဲ့ ၁၂% က အရက်သေစာ သောက်စားတာကြောင့်ပါ။
ဒီတော့ သတိထားလို့ရအောင် အရက်သောက်တာကြောင့် အသည်းထိခိုက်တဲ့ အကြောင်းလေး ဆက်ပြောပြပေးပါမယ်။
အရက်ကြောင့် အသည်းထိခိုက်နေပြီဆိုရင် ဘယ်လို လက္ခဏာတွေ ခံစားရမလဲ?
အရက်ကြောင့် အသည်းထိခိုက်တာရဲ့ အစောပိုင်းမှာ လက္ခဏာက အခြား ကျန်းမာရေးပြဿနာတွေနဲ့ ခပ်ဆင်ဆင် တူနေတာမျိုး ရှိနေတတ်ပါတယ်။
များသောအားဖြင့်ကတော့
- ကောင်းကောင်း နေမကောင်းခြင်းနဲ့ အတူ
- ဗိုက်ထဲက အောင့်တာ၊
- မအီမသာဖြစ်တာ၊
- ဝမ်းပျက်တာ၊
- အစားစားချင်စိတ် မရှိတာတွေကို ခံစားရနိုင်ပါတယ်။
ဒီလက္ခဏာတွေက အစောပိုင်း လက္ခဏာတွေဖြစ်ပြီး ဗိုက်မကောင်းတာ၊ ရိုးရိုးဖျားနာတာလို့ပဲ ယူဆပြီး ခပ်ပေါ့ပေါ့ နေပြီဒ အရက်ကို ဆက်သောက်ရင်းက အသည်းရောဂါအဆင့်က ပိုပိုဆိုးလာပြီး နောက်ဆုံးမှာ အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်လာပါတယ်။
အသည်းပျက်စီးတာက ခန္ဓာကိုယ် တစ်ခုလုံးကို ထိခိုက်စေတာပါ။ အသည်းက သူ့အလိုလို ပြန်လည်ပြင်ဆင်နိုင်စွမ်း မြင့်တာကြောင့် အသည်းပျက်စီးစမှာ သတိပြုမိဖို့ ခက်ပါတယ်။ ဒါကြောင့်ပဲ ရောဂါအခြေအနေ တော်တော်လေး ဆိုးမှ သိရပြီး အသက်အန္တရာယ် ထိခိုက်ရတာပါ။
အသည်းရောဂါ ပြင်းထန်လာတဲ့အခါမှာ ခြေလက်တွေ ဖောရောင်တာ၊ ရေဖျဉ်းစွဲတာ၊ အဖျားတက်တာ၊ အသားတွေ ယားယံတာ၊ လက်သည်းတွေ ခုံးဖောင်းလာတာ၊ ဝိတ်ကျလာတာ၊ အားနည်းလာတာ၊ ကြွက်သားတွေ အားနည်းလာတာ၊ သွေးအန်တာ၊ သွေးဝမ်းသွားတာ၊ သွေးမတိတ်တာ၊ သွေးထွက်လွယ်တာတွေကို ခံစားလာရမှာပါ။ ဒီအချိန်မှာက အချိန်နှောင်းနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
နောက်ဆုံး တစ်ချက်အနေနဲ့ သတိပေးချင်တာက အရက်ကြောင့် အသည်းပျက်စီးတာက အရက်သောက်တာကြောင့်ပဲ မဟုတ်ပါဘူး။ အယ်လ်ကိုဟော ပါဝင်နေတဲ့ ဘီယာ၊ ဝိုင်စတာတွေသောက်တာကြောင့်လည်း အသည်းအဆီဖုံးတာ၊ အသည်းရောင်တာ၊ အသည်းခြောက်တာတွေကို ဖြစ်စေနိုင်လို့ ဖြစ်နိုင်ရင် ဖြတ်ပါ။ မဖြတ်နိုင်သေးရင် နည်းနည်းချင်း လျှော့သောက်ပြီး အချိန်ယူလို့ အရက်ဖြတ်ပါ။
မွန်မွန်
kyaw kyaw 03 Feb 2023 |
အသည်းမကောင်းလို့ ပါ